ဒုက္ခနဲ့ သက္ကရာဇ်တွေ
ကျွန်တော့် ကိုယ်ပေါ် ပိကျ
အရွယ်လွန်လာလိုက်ပုံက
ကြောက်ခမန်းလိလိပါ အမေ။
အမေအိုရဲ. အယုအယ
ဂရုဏာတွေ တမ်းတရင်း
စိုးရွံ့မှုတွေက တဖွဖွ
မှားယွင်းတဲ့ စနစ်အလိုကျ
ကျွန်ဖြစ်ခဲ့ လူ့ဘ၀မှာ
ချစ်တဲ့ မိဘ
ရိုးမြေကျလို့မှ
သရဏဂုံတင်ခွင့် မရသူတွေ
နောက်ဆုံးခရီး ပို့ခွင့်မရသူတွေ
ဟုတ်ကဲ့ ......... ဘ၀တချို့ဟာ
ဖောက်ခွဲခံနေရတယ် အမေ။
ကျွန်တော် ကိုယ်တိုင်လဲ
လောကရဲ့ သတ်ကွင်းမှာ
အိမ်မက်တွေ မျှောလွင့်ရင်း
စုန်ဆန်ခြင်းကင်းတဲ့ ရေသေလို မြစ်တစင်းပါ
အမိမဲ့သား မဟုတ်သေးငြား
အမေဝေးသားဟာ ရေနည်းငါးပါ အမေ။
တဖျတ်ဖျတ်လူး
တဆတ်ဆတ်တုန်
မှော်ရုံမှာ ယစ်မှုး ရင်ခုန်ရင်း
ကြွေးဟောင်းတွေလည်း တောင်လိုပုံခဲ့ပေါ့
လည်စင်းခံ အလွမ်းဇာတ်
ဇီးရွက်လောက်မျက်နှာ
ကျောသတ်ခံ မာန
အကျဉ်းကျ နှလုံးသား
ကြောက်ရွံ့မှု တရားနဲ့ လူ
ကျွန်တော်ဟာ
အမေခွံ့မယ့် ထမင်းတလုတ်ကို
သွေးသားထဲက တောင့်တနေကြတယ်အမေ။





